စစ်ပွဲကြီးတစ်ခု ပြီးဆုံးသွားတဲ့နောက်မှာ အနိုင်ရခဲ့တဲ့ဘက်က သူရဲကောင်းလို့ အမွှမ်းတင်ခံရသူဟာ ရှုံးနိမ့်သွားတဲ့ဘက်မှာတော့ ကြောက်မက်ဖွယ် လူသတ်သမားတစ်ယောက် ဖြစ်နေတတ်ပါတယ်။ "The Spark in Your Eyes" ဟာ အဲ့ဒီလို ရှုထောင့်နှစ်မျိုးကြားက နာကျင်စရာကောင်းတဲ့ အမှန်တရားတွေနဲ့ စစ်ပွဲရဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို အလှပဆုံး ပုံဖော်ထားတဲ့ ဇာတ်လမ်းတစ်ခုပါ။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဟေလ်ဒီဂတ်ဟာ စစ်မြေပြင်မှာ ရန်သူပေါင်းများစွာကို သုတ်သင်ခဲ့တဲ့အတွက် "နေမင်းရဲ့စုန်းမ" လို့ အမည်ကြီးသူပါ။ ဒါပေမဲ့ စစ်ပွဲပြီးတဲ့နောက်မှာတော့ သူမဟာ သူမကိုယ်သူမ ဖုံးကွယ်ရင်း အတိတ်က အပြစ်ရှိစိတ်တွေနဲ့အတူ အထီးကျန်စွာ ရှင်သန်နေရပါတယ်။ အဲ့ဒီအချိန်မှာ အားဝမ်လို့ခေါ်တဲ့ နူးညံ့ပြီး စိတ်ထားကောင်းတဲ့ ဆေးဆရာလေးနဲ့ ဆုံတွေ့မိတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက မထင်မှတ်ဘဲ စတင်ပတ်သက်လာပါတော့တယ်။
ဒီဇာတ်လမ်းမှာ အဆွဲဆောင်နိုင်ဆုံးအချက်က အဖြူအမည်း သဲသဲကွဲကွဲ မရှိတာပါပဲ။ ဇာတ်ကောင်တိုင်းမှာ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ရှိနေကြပြီး တစ်ဖက်ကကြည့်ရင် မှန်နေပေမဲ့ တခြားတစ်ဖက်ကကြည့်ရင် နာကျင်စရာ ဖြစ်နေတတ်ပါတယ်။ အားဝမ်ဟာ ဟေလ်ဒီဂတ်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ ဒေသကလူဖြစ်နေပြီး သူမကို သူတို့ရဲ့ ရန်သူကြီးမှန်း မသိခဲ့ပါဘူး။ တစ်ဖက်မှာလည်း ဟေလ်ဒီဂတ်က သူမဖျက်ဆီးခဲ့တဲ့ ဘဝတွေအတွက် တောင်းပန်ချင်ပေမဲ့ သူမရဲ့ တကယ့်ပုံရိပ်ကို ဖော်ပြဖို့ ကြောက်ရွံ့နေတာက ဖတ်ရှုသူကို ရင်တထိတ်ထိတ် ဖြစ်စေပါတယ်။
Webtoon ရဲ့ ဆွဲချက်ကလည်း အရမ်းကို သပ်ရပ်လှပပြီး ဇာတ်ကောင်တွေရဲ့ မျက်ဝန်းကတစ်ဆင့် ခံစားချက်တွေကို ပေါ်လွင်အောင် တင်ဆက်ထားပါတယ်။ အချစ်ဇာတ်လမ်း သက်သက်ထက်စာရင် လူတွေရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုပြန်လည်ကုစားကြမလဲဆိုတာကို ဦးစားပေးထားတဲ့အတွက် လေးနက်တဲ့ ဇာတ်လမ်းကောင်းတွေကို ကြိုက်တတ်သူဆိုရင် မဖြစ်မနေ ဖတ်ကြည့်သင့်တဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။
ဤနေရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ ကြည့်ရှုသင့်သော အကြောင်းအရာများ ပါဝင်ပါသည်။ သင် အသက် ၁၈ နှစ်ပြည့်ပြီးပြီလား?